ထီးချိုင့် အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင် ဝန်ထမ်းများနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ တည်တောကျေးရွာအုပ်စု၊ ကုက္ကိုကုန်းကျေးရွာ တောင်သူဦးကျော်ထူးအောင် ကွင်းအမှတ် ၈၃၉ A ၊ ဦးပိုင်အမှတ် (၃၈)၏ လယ်တွင် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ မိုးစပါး စံပြကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် (၆.၆'x၆.၆')ပတ်လည်စံကွက်ရိတ်သိမ်းရာ နို့ဆီဘူး (၁၉.၅၀)ဘူး ထွက်ရှိပြီး တစ်ဧကပျမ်းမျှ အစိုထွက်တင်း (၁၅၂)တင်း ထွက်ရှိကြောင်းသိရပါသည်။
ထီးချိုင့်မြို့နယ်တွင် မိုးစပါး စိုက်ဧက (၄၀၀၉၆) ဧကကို စိုက်ပျိုးခဲ့ပြီး စပါးစိုက်တောင်သူများ အထွက်နှုန်း ကောင်းစေရန်အတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေး နည်းပညာများ ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
ရဲလင်းထွန်း(ထီးချိုင့်)