(၆၈) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပိုင်ကျုံမြို့၌ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပိုင်ကျုံ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ကျရောက်မည့် (၆၈)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့က ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာကြသည့် မြို့အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့က နမောတဿသုံးကြိမ်ရွတ်ဆိုခြင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး ပိုင်ကျုံမြို့ ပရဟိတမြို့မကျောင်းဆရာတော်က  (၆၈)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်အတွက် ပိုင်ကျုံမြို့ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည့် ဒုံးယိမ်းအဖွဲ့ကို အဆင်ပြေစွာ ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် လိုအပ်သည့်ထောက်ပံ့နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရန် သြဝါဒစကားပြောကြားပြီးနောက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးက ဒုံးယိမ်းပြိုင်ပွဲတွင်  အဆင်ပြေစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဒုံးယိမ်းအကကျင့်သည့်အချိန်တွင် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ချထားသည့် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ မိမိတာဝန်ကျသည့်ရက်တွင် သွားရောက် ကြီးကြပ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည် ယင်းနောက် ရန်ပုံငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌမှ ရန်ပုံငွေရရှိမှုနှင့် သုံးစွဲမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။

ထိုအစည်းအဝေးတွင် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများတို့က ပြိုင်ပွဲကိုအဆင်ပြေစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မိမိတာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)