ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပေါက်ခေါင်း အောက်တိုဘာ ၁၈

ကျေးလက်တောင်သူများနှင့် ပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းများ      ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာများ၌ ကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လမ်းပိုင်းကြံ့ခိုင်မှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၅၃  ဒသမ ၇၆၇၁ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်  ဂွေးပင်ခုန်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအရှည် ၀/၅.၇၆ မိုင်၊ အကျယ် ၁၂ ပေနှင့်ထု ၉ လက်မရှိ ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော ဟိန်းတေဇကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၅၆ ဒသမ ၅၁၂၂ သန်းဖြင့် မိုးမညို(တောင်)ကျေးရွာ လမ်းအရှည် ၁/၀.၅၃ မိုင်၊ အကျယ် ၁၄ ပေနှင့် ထု ၉ လက်မရှိ မြေသားကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေ ၇၇ ဒသမ ၄၂၅ သန်းဖြင့် ဗောဓိကုန်းကျေးရွာ ကုန်ထုတ်လမ်းအရှည် ၁/၁.၅၄ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိကျောက်ရောမြေနီလမ်းနှင့် ဆင်ဖြူကန်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေ ၅၀ ဒသမ ၆၇၃ သန်းဖြင့် လမ်းအရှည် ၀/၅.၅၆၇ မိုင်၊ အကျယ် ၁၂ ပေနှင့် ထု ၉ လက်မရှိ ကျောက်ရောမြေနီလမ်းခင်းခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် လမ်းပိုင်းကြံ့ခိုင်မှု အ‌ခြေအ‌နေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာများနှင့်‌ ကျေးရွာတာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာများရှိ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပြီးစီးပါက ကျေးလက်တောင်သူများ၏ လယ်ယာမြေများမှထွက်ရှိသော သီးနှံထွက်ကုန်များ လွယ်ကူစွာသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး တိုးကောင်းမွန်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)