နတ်မောက် အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မိုးစပါးတစ်ဧကပန်းတိုင်တင်း (၁၀၀)ကျော်ထွက်ရှိရေး အတွက် ပင်ပွားချိန်၌ စုပေါင်းဓာတ်မြေဩဇာကျဲပက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ တောင်သူ (၆၈)ဦးဖြင့် စာရံအိုင့်ကွင်းတွင် မိုးစပါးစိုက်ပျိုးထားသည့် ဧက(၁၀၀)၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဓာတ်မြေဩဇာကျဲပက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက စိုက်ပျိုးထုတ်လုပ်မှု၌ သုံးစွဲရာတွင် မိမိသီးနှံနှင့် စိုက်ပျိုးမြေအား ထိခိုက်မှုနည်းပါးစေရန်အတွက် သုံးစွဲသူတောင်သူများအနေဖြင့် မြေဩဇာအကြောင်းနှင့် အသုံးပြုရမည့်နည်းလမ်းများကို သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ မြေဩဇာများစွာအသုံးပြုပါက အပင်တွင် ဆိုးကျိုးများဖြစ်လာနိုင်သည့်အတွက် တောင်သူများအနေဖြင့် မြေဩဇာသုံးစွဲမည်ဆိုပါက မိမိတို့စိုက်ပျိုးမြေ၏ မြေချဉ်ငံကိန်း၊ စိုက်ပျိုးမည့် သီးနှံအမျိုးအစား စသည်တို့အပေါ်မူတည်၍ ထည့်သွင်းသင့်သည့် ပမာဏကို စိုက်ပျိုးရေးပညာရှင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးထားသည့် မိုးစပါးဧက(၁၀၀)၌ တောင်သူများက ယူရီယားဓာတ်မြေဩဇာများကို စုပေါင်းကြဲပက်ခဲ့ကြသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစုစုပေါင်း (၂၄၈၆၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရေရရှိနိုင်သော ဧရိယာ(၄၉၀၀)ဧကရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် စာရံအိုင့်ကွင်းတွင် မိုးစပါးစိုက်ဧက(၁၀၀)၌ တောင်သူများ ယူရီးယားဓာတ်မြေဩဇာကြဲပက်မှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့က ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း