သရက်ချောင်းမြို့နယ်ရှိ ငါး၊ ပုစွန်၊ ဂဏန်းမွေးမြူရေးလုပ်ငန်းများတွင် အယ်နီညိုနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့် အခြေအနေများအား ကြိုတင်အသိပညာပေးဟောပြောပွဲ

သရက်ချောင်း အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ အယ်နီညိုရာသီဥတုနှင့် ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့်အခြေအနေများအား ကြိုတင်အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်က အယ်နီညို ရာသီဥတုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများတွင် ထိခိုက်လာနိုင်ကြောင်း၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးသက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းးများအကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် ငါး၊ ပုစွန်၊ ဂဏန်း မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်နည်းလမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော စီးပွားဖြစ်လုပ်ကိုင်သောလုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များနှင့် ရေလုပ်သားများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ဆက်လက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်နှင့် ဝန်ထမ်းများသည် ဆင်ကျန်းကျေးရွာရှိ ဂဏန်းပျော့မွေးမြူရေးကန်သို့ သွားရောက်၍ အယ်နီညိုနှင့် ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့် အပူချိန်မြင့်မားမှုကြောင့် ရေငွေ့ပျံမှုများပြီး ငါးမွေးကန်များတွင် ရေအသစ်လဲလှယ်ထားရှိရန်၊ ရေလှောင်ကန်များထားရှိရေး၊ မွေးမြူရေး ကန်များတွင် ပျော်ဝင်အောက်ဆီဂျင်မြင့်တက်လာစေရန် ဆောင်ရွက်ထားရှိရေး၊ ဂဏန်းကောင်ရေလျှော့ချ မွေးမြူရေးနှင့် ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)