လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို အောက်တိုဘာ ၁၈

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့်  စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာ ပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာကျော်ဦး ရေးသားသော “ရေကြည်တစ်ပေါက်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်  ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာကျော်ဦးရေးသားသည့် “ရေကြည်တစ်ပေါက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောအောင်စည်သူဝင်းက “ရေကိုမလိုအပ်ပဲ သုံးနေဖြုန်းနေကြသူ လူသားအားလုံးအတွက် ရေသယံဇာတ၏ အဖိုးတန်လှပုံ၊ တစ်နေ့တစ်ခြားရှားပါးလာ၍ ရေကောင်းရေသန့်ရရှိရေးသည် ကမ္ဘာ့ထိပ်တန်းပြဿနာတစ်ခုအဖြစ် ဦးတည်ကြီးထွားလာပုံ ” စသည့်အကြောင်းအရာများကို  ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ပိုမိုရရှိရေးအတွက် အပါတ်စဉ်/လစဉ် စီစဉ်ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)