ဘိုကလေး အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီခွဲ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်ပြည့် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် ယခုထောက်ပံ့သော ထောက်ပံ့ငွေများအား ဘိုးဘွားများ၏ လက်ဝယ်သို့ အမြန်ဆုံး ထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ ဘိုးဘွားများအတွက် အထောက်အပံ့တစ်ခုဖြစ်စေရေးအတွက် နိုင်ငံတော်က ယခုထောက်ပံ့ငွေများအား ပေးအပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၏ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လွှဲပြောင်းပေးသည့် ထောက်ပံ့ငွေများကို ဘိုးဘွားများ၏ လက်ဝယ်သို့ တစ်ဆင့် ပြန်လည် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အသက်(၈၅)နှစ်ပြည့်ပြီး ဘိုးဘွားတစ်ဦးလျှင် တစ်လလျှင်(၁)သောင်းကျပ်နှုန်း၊ (၃)လစာ (၃)သောင်းကျပ်နှုန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် ဘိုကလေးမြို့နယ်အတွင်းရှိသည့် အသက် (၈၅)နှစ်အထက် ဘိုးဘွားစုစုပေါင်း(၇၉၅)ဦးစာ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၃၈၅၀၀၀၀)ကျပ်အား ထောက်ပံ့ပေးရကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)