ကြို့ပင်ကောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် စေတနာရှင် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်း

ကြို့ပင်ကောက် အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများ စတင်တွေ့ရှိခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်အထိ ကျန်းမာရေးဦးစီးဌာနမှ ကုသရေးဆရာဝန်လေးဦးဖြင့် ကုသဆောင်ရွက်ပေးနေမှုများ ကုသရေးဆရာဝန်များအတွက် ဆောင်ရွက်ထားသော ရောဂါကြိုတင်ကာကွယ်ရေး အစီအစဉ်များ
အတည်ပြုလူနာများအား ကုသရာတွင်လိုအပ်သော အထောက်အကူပြုပစ္စည်းများ ရရှိထားမှုနှင့် လိုအပ်မှုများ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ဆောင်နေရသော လုပ်ငန်းစဉ်များအား အသိပေးပြောကြားခဲ့ပြီး အလှူရှင် အသီးသီးမှ လှူဒါန်းသော အလှူငွေကျပ် ၁၇၀၀၀၀၀ (ဆယ့်ခုနှစ်သိန်းကျပ်)ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ကြို့ပင်ကောက်မြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၅ ဦးတွေ့ရှိခဲ့ပြီး ၇ ဦးမှာ ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး ကျန် ၈ ဦးမှာ မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် စောင့်ကြည့်ကုသပေးလျက်ရှိပြီး စောင့်ကြည့်ကုသပေးနေရသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်ထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)