အိမ်ခြံဝင်းအတွင်းရှိ သစ်ပင်များတွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများ တိုးချဲ့စိုက်ပျိုးလာ

လိပ်သို အောက်တိုဘာ ၁၈

လိပ်သိုဒေသတွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တောတောင်လျှိုမြောင်များရှိ ဉယျာဉ်ခြံများတွင်သာ စိုက်ပျိုးလာခဲ့ကြရာမှ ယခုအခါ လိပ်သိုမြို့ပေါ်နှင့် ကျေးရွာများရှိ ဒေသခံတို့၏ နေအိမ်ခြံဝင်းများအတွင်းရှိ သစ်ပင်များ၏ အပင်ခြေရင်းတွင် တစ်နိုင်တစ်ပိုင် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တောင်ပေါ်မြေပြန့် လူတန်းစားမျိုးစုံမှ စားသုံးကြပြီး ဆေးဝါးအဖြစ်ပါ ထုတ်လုပ်သုံးစွဲမှု တိုးပွားလာသည့်အပြင် နွေရာသီကာလ ကွမ်းရွက်ကြမ်းများ အထွက်နည်းချိန်တွင် ဈေးကောင်းရရှိသောကြောင့် ဒေသခံများက မိမိတို့မိသားစုစားသုံးရန်၊ ဧည့်ဝတ်ပြုရန်နှင့် မိသားစုဝင်ငွေတိုး၍ရရှိရန် တစ်နိုင်တစ်ပိုင် တိုးချဲ့စိုက်ပျိုးလာကြသည်။

ကွမ်းကြမ်းများကို ဒေသခံများက မိမိတို့၏ အိမ်ခြံဝင်းအတွင်းရှိ သရက်ပင်၊ လဲမှို့သီးပင်၊ ကွမ်းသီးပင်၊ အုန်းပင်၊ ကသစ်ပင်၊ သင်္ဘောပင်၊ တုန်ချဉ်ပင်နှင့် အခြားသော သီးပင်စားပင်များပေါ်သို့ တွယ်တက်စေသောနည်းဖြင့် ရနိုင်သရွေ့ တိုးချဲ့စိုက်ပျိုးလာလျက်ရှိကြရာ မိသားစုဝယ်ယူစားသုံးရန်မလိုတော့ခြင်း၊ ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိကာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)