တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်းအမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲသို့ တက်ရောက်အားပေး

ပုသိမ် အောက်တိုဘာ ၁၈

ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၃) ပထမနှစ်သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ပြုလုပ်ခဲ့ရာ ကြိုဆိုပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တက်ရောက်၍ အားပေးစကားများပြောကြားခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးအတွက် အားထားရသည့် ဆရာ၊ ဆရာမများ ဖြစ်သည့်အတွက် ယခုကဲ့သို့ လာရောက်အားပေးစကားပြောကြားခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာ(Grade-12) တက္ကသိုလ်ဝင်စာမေးပွဲကို ယခင်နှစ်က အကြောင်းကြောင်းကြောင့် မဖြေဆိုဖြစ်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ စာမေးပွဲ ကျရှုံးခဲ့သူများ အနေဖြင့်လည်း ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုခွင့်များ ရရှိမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအားလုံး ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များမှ ပါမောက္ခဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ ပူးပေါင်း၍ ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများသည် ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် နာသုံးနာကိုအခြေခံ၍ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝစေရေးနှင့် လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးကြသူများဖြစ်သည်ကို တွေ့နေရပါကြောင်း၊ ဆရာ၊ ဆရာများသည်  ကျောင်းသား၊ ကျောင်းသူများ၏ စံနမူပြများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှု စနစ်တကျရှိရန်လည်း လိုအပ်ပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား လေးစားအားထားပါကြောင်းနှင့် ပညာပြည့်ဝ နှလုံးလှ၍ ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်သည့် စံနမူနာပြ ဆရာ၊ ဆရာမများ ဖြစ်ကြပါစေကြောင်း” အားပေးအမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား (၄/၂၃)ပထမနှစ်သို့ မြို့နယ်အလိုက် တက်ရောက်သည့် ဆရာ၊ ဆရာမများစာရင်းအား တင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ ဘိုကလေး ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်းအမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား၊ သင်တန်းသူ (၃၅၇)ဦး၊ (၂/၂၂)ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူ(၃၄၃)ဦး၊ စုစုပေါင်း (၇၀၀)ဦး သင်တန်း တက်ရောက်လျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)