ထားဝယ် အောက်တိုဘာ ၁၈
နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်ပြိုင်ပွဲတွင်သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်း ဒေသကြီးကိုယ်စားပြုအဆို၊ အက၊ အရေး၊ အတီးအဖွဲ့သည် ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)ရှိ အဆောင်များ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့်အသက်(၁၀-၁၅) နှစ်၊ (၁၅-၂၀)နှစ်၊ အဆင့်မြင့်ပညာ အဆင့်၊ ဝါသနာရှင်အဆင့်တို့တွင်ပြိုင်ပွဲဝင်များ၏ စခန်းသွင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဗဟိုအဆင့်ပြိုင်ပွဲတွင်သွားရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့အား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လိုအပ်သည်များ ကိုဖြည့်စည်းပေးနိုင်ရန်အတွက် လာရောက်ရခြင်း ဖြစ်ကြောင်း၊ မကြာခင်စခန်းသွင်းလေ့ကျင့်ချိန်ပြီးစီးမှာဖြစ်သည့် အတွက်လေ့ကျင့်နေချိန်တွင် ပင်ပမ်းစွာဖြင့် အားကြိုးမာန်တက်လေ့ကျင့်နေသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲများအားလုံး တိုင်းဒေသကြီးဂုဏ်ဆောင်ပြီး အကောင်းဆုံးယှဉ်ပြိုင်မည်ဟု ယုံကြည်ကြောင်း၊ သွားရောက်ယှဉ်ပြိုင်သည့်အခါတွင် သွားလာနေထိုင်ရေး၊ အစားအသောက်နှင့် ကျန်းမာရေး ဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း(၁၀)မြို့နယ်ရှိ ပြိုင်ပွဲဝင်အားလုံးစုပေါင်းပြီး သွားရောက်ရမှာဖြစ်သောကြောင့် ညီအစ်ကို မောင်နှမရင်းသဖွယ် တစ်ဦးနှင့်တစ်ဦးချစ်ချစ်ခင်ခင်စည်လုံးညီညွတ်စွာဖြင့် သွားရောက်ရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲဝင်များ အားလုံး အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး ကျန်းမာရေးအပါအဝင်ညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေဿကြီးအစိုးရအဖွဲ့က စခန်းသွင်းလေ့ကျင့်နေသူများအား ထောက်ပံ့ငွေကျပ် (၁၀)သိန်းပေးအပ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု အဆို၊အက၊ အရေး၊ အတီးအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)