ပွင့်ဖြူ အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ ခြောက်ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုရက်ပိုင်း မိုးရွာသွန်းမှုမရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
ပွင့်ဖြူမြို့ ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်ခဲ့၍ တမံရေပိုလွှဲမှ ၆ ဒသမ ၈ ပေခန့်အထိ ရေကျော်ကျမှုရှိခဲ့ပြီး တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးစီမံချက်အရ အစိမ်းရောင်အလံများ စိုက်ထူ၍ တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ ရေကင်းတာဝန်ကျ ဝန်ထမ်းများမှ တမံကြံ့ခိုင်မှုအခြေအနေအား အလှည့်ကျစောင့်ကြည့် စစ်ဆေးခြင်းနှင့် တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် ရေပိုလွှဲမှ ရေကျော်နေမှုများကို အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုရက်ပိုင်း မိုးရွာသွန်းမှု ရပ်တန့်သွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာပြီး ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌ တမံရေပိုလွှဲမှ ၁ ဒသမ ၉ ပေခန့်သာ ရေကျော်ကျမှုရှိတော့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ ဖူလုံစွာ အကျိုးပြုပေးလျက်ရှိသည့်အပြင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာပါက ရေအားလျှပ်စစ်စက်ရုံအား ၂၄ နာရီ စက်လည်ပတ်၍ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ကာ ပြည်သူလူထု လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)