ငွေဆောင် အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ဒေသတွင်း လက်မှုထုတ်ကုန်ပစ္စည်း ပြပွဲနှင့် စျေးရောင်းပွဲတော် ဒုတိယနေ့တွင် လာရောက်လေ့လာသူ၊ စျေးဝယ်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်မှုထုတ်ကုန်ပစ္စည်း ပြပွဲနှင့် စျေးရောင်းပွဲတော်အား အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ(၁၆)ရက်နေ့၊ ဒုတိယနေ့တွင် ဒေသတွင်းလက်မှုပစ္စည်းများကို လာရောက်လေ့လာသူများ၊ စျေးဝယ်သူများဖြင့် စည်ကားခဲ့ ကြောင်း သိရသည်။ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ဧည့်သည်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ဝန်ထမ်းများအပြင် ဂျာမန်လူမျိုး နိုင်ငံခြားသား တစ်ဦးလည်း မြန်မာ့ရိုးရာလက်မှုထုတ်ကုန်ပစ္စည်းများကို စိတ်ဝင်တစားလာရောက်လေ့လာ ကြည့်ရှုခဲ့သည်။ ဒေသတွင်းလက်မှုထုတ်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များအား လာရောက် ဝယ်ယူအားပေးကြပြီး အမှတ်တရဓာတ်ပုံရိုက် သူများ၊ စိတ်ဝင်တစားလေ့လာကြသူများ၊ စျေးရောင်း/ စျေးဝယ်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ ညနေကျောင်းဆင်းချိန်တွင် ငွေဆောင်မြို့အတွင်းရှိ စာသင်ကျောင်း(၄)ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများမှလည်း လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော်သို့ လာရောက်လေ့လာကြည့်ရှုခဲ့ကြသည်။ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်း ပွဲတော်သို့ လာရောက်လေ့လာ၊ စျေးဝယ်ယူသူများအား မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းတို့မှ ကူညီပေးလျက်ရှိပြီး ဆိုင်ရှင်များမှလည်း မိမိတို့ထုတ်ကုန်များအကြောင်း ရှင်းပြပေးပြီး စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ငွေဆောင်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော်အား အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၂)ရက်ကျင်းပခြင်းဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဒေသထုတ်ကုန်များအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင် ခြင်း၊ ပြည်သူများအနေဖြင့်လည်း တစ်နေရာတည်း၌ ဒေသထွက်ကုန် များကို စျေးနှုန်းသက်သာစွာဖြင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခြင်း စသည်တို့အပြင် လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူ တို့အတွက် အကျိုးကျေးဇူးရရှိမည့် MSME အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး ထုတ်ကုန်များ ပြပွဲနှင့် စျေးရောင်းပွဲတော်အား အလျဥ်းသင့် သလို စဥ်ဆက်မပြတ် ကျင်းပခြင်းဖြင့် မိမိတို့ဒေသထွက်ကုန်များစျေးကွက်တွင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
R – 014( ငွေဆောင်)