ဖလမ်း အောက်တိုဘာ ၁၈
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ပညာပေး ဟောပြောပွဲကို ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၂၆၈)ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အမှာစကား ပြောကြားပြီး ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးဝင်းက မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုး အစားများ၊ မူးယစ်ဆေးဝါး မြစ်ဖျားခံရာဒေသများ၊ မူးယစ်ဆေးဝါး ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်မှု အခြေအနေများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲမြင့်အောင်