ရွှေတောင် အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်စိုက်/ကြပ်ကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် AGl.Co.LTD တာဝန်ရှိသူတို့က ရွှေတောင်မြို့နယ်အတွင်း ၂၀၃- ၂၀၂၄ခုနှစ်၊ စိုက်ပျိုးရာသီတွင် ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးမည့် တောင်သူများအား အထွက်ကောင်းမျိုးများဖြစ်သည့် ဗီယက်နမ်မြေပဲမျိုး၊ TBL-9 မတ်ပဲမျိုး၊ ဆင်းရွှေကြာ-၂နေကြာမျိုးနှင့် ရေဆင်း- ၁၆ပဲတီစိမ်းမျိုးများ စိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးမည့်အစီအစဥ်၊ စိုက်နည်းစနစ်၊ သွင်းအားစုများ ဖြန့်ဖြူးထောက်ပံမည့် အစီအစဥ်တို့အား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်/ ကြပ်ကော်မတီဥက္ကဌဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူကိုယ်စားလှယ်များကို သီးနှံမျိုးများ ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်/ ကြပ်ကော်မတီ ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ AGl.Co.LTD တာဝန်ခံနှင့် ဒေသခံတောင်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)