မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မိုးညို အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက လူငယ်လူရွယ်များ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများစွာရရှိသည့် စာအုပ်စာပေများကိုသာ ဖတ်ရှုကြစေရန်၊ မိမိတို့ဖတ်ရှုထားသည့် စာအုပ်များထဲမှ အသိဗဟုသုတများကို အခြားသူများသို့တစ်ဆင့် မျှဝေဆွေးနွေးတတ်စေရန် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာပေချစ်သူများအသင်း (Book Club) အဖွဲ့ ဦးမြင့်စိန်က "လူငယ်တွေအတွက်လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ"၊  (Women Club)အဖွဲ့ဝင် ဒေါ်သစ်သစ်က "ပညာတတ်ဖို့စာဖတ်ရမည်"၊ (Youth Club) အဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းက "စာစီစာကုံးနှင့်ကိုယ်စွမ်းကိုယ်စ" ခေါင်းစဉ်များဖြင့် ဖတ်ကြားခဲ့ရာ ခေါင်းစဉ်ပါအကြောင်းအရာများအား စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)