မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဗီဒီယိုတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်

မြဝတီ အောက်တိုဘာ ၁၇

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို နေအရုဏ် (ဓာတ်ပုံ/ဗီဒီယိုရိုက်ကူးတည်းဖြတ်ရေး)မှ နည်းပြဆရာဦးတင်စိုးက ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ဝန်ထမ်းများအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ သတင်းဗီဒီယိုနှင့်ပတ်သက်၍ ရိုက်ကူးတည်းဖြတ်ရာတွင် ကျွမ်းကျင်မှုရှိစေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးတင်စိုးက Kine Master Software အသုံးပြု၍ ဗီဒီယိုမှတ်တမ်းများ တည်းဖြတ်ရာ၌ ဆောင်ရွက်ရမည့်အချက်များ ၊ Media Folder မှ ရုပ်ပုံများထည့်နည်း၊ Logo ထည့်နည်း၊ နောက်ခံအသံထည့်နည်း၊ ပုံစာရေးသားနည်းများနှင့် Tools တစ်ခုချင်းအလိုက် အသုံးပြုရမည့် အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားပေးသည်။

 အဆိုပါသင်တန်းကို မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သင်တန်းသား၊ သင်တန်းသူ၁၅ဦးတို့အားအောက်တိုဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၃ရက်တာစာတွေ့၊လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)