ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဝိုင်နှင့်သစ်သီးဖျော်ရည်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲပြုလုပ်

ရေဖြူ အောက်တိုဘာ  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရေဖြူမြို့နယ် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဝိုင်နှင့်သစ်သီး‌ဖျော်ရည်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၇/၂၀၂၃)အား ရေဖြူမြို့နယ် သမဝါယမအသင်းရုံး၌ ယနေ့မွန်းလွဲ ၂ နာရီက သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက ဒေသခံပြည်သူလူထုများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန်၊ မြို့နယ်အတွင်းမှ လုပ်ငန်းရှင်များပေါ်ပေါက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ စီးပွားဖြစ်လုပ်ကိုင်လိုသူများအနေဖြင့် မိမိတို့ဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ ဌာနမှလည်း လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၂၀)ဦး တက်ရောက်ကာ စပျစ်ဝိုင်၊ ဖရဲသီးဝိုင်နှင့် နာနတ်၊ လိမ္မော်၊ မန်ကျည်း၊ ဇီးသီး‌ဖျော်ရည်များ၊ ဂျယ်လီအအေးလက်တွေ့ထုတ်လုပ်နိုင်သည်အထိ သင်တန်းနည်းပြများမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ရေဖြူပြန်/ဆက်