သရက်ချောင်း အောက်တိုဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသခြင်းကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်က အိပ်ရာထမှုသတိပြု၊ ခံတွင်းသန့်စင် စိတ်ကြည်လင်၊ မျက်နှာသစ်ပေးကျန်းမာရေး၊ စောစီးမနက်ရေတစ်ခွက်၊ ဆီနံ့သာမွှေး လိမ်းကျံပေး၊ ခြေသည်း လက်သည်း ပုံမှန်လှီး၊ ခေါင်းဖြီးမှန်ကြည့် မင်္ဂလာပါ၊ ယှဉ်တွဲလိုက်နာရေနှင့်အစာ၊ သင့်တော်ချိန်ခါအိပ်စက်ရာ၊ ထမင်းစားပြီးချိန်ခါမှတ်သားရာ၊ အဟုန်ဆန္ဒမဟန့်တားရ စသည့် ကျန်းမာစေကြောင်းနည်းလမ်းကောင်းများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဖြန့်ဝေထားသော ရင်အုပ်ဆေး သုံးစွဲနိုင်သောရောဂါများနှင့် ဆေးညွှန်းများအား ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများအား ရင်အုပ်ဆေးဘူးများ၊ ချောင်းဆိုးပျောက်ဆေးများ၊ အဖျားကျဆေးများနှင့် ကျန်းမာစေကြောင်းနည်းလမ်းကောင်းလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)