ပုလော အောက်တိုဘာလ ၁၇
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် စာပေချစ်သူများအဖွဲ့မှ ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်ကို ယမန်နေ့နံနက်ပိုင်းက Community Centre ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပုလောမြို့နယ် စာပေချစ်သူများအဖွဲ့ဝင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်စန်းစန်းဝေက လူငယ်များအနေဖြင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်နိုင်ရန် အချိန်သည်သာ အဓိကဖြစ်ကြောင်း၊ ကြေကွဲဝမ်းနည်းစရာ၊ ပျော်ရွှင်စရာတွေ့တိုင်းလည်း စိတ်ဓာတ်ခွန်အားရှိရန်လိုအပ်ကြောင်း၊ အကောင်းဆုံးသောဘဝခရီးကို ဆက်လက်လျှောက်လှမ်းနိုင်စွမ်းရှိဖို့ အကြံကောင်းတွေလိုအပ်ကြောင်း၊ မိတ်ဆွေနှင့်တူသော စာအုပ်တွေမှာ အကြံကောင်းတွေရနိုင်ကြောင်းကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပုလောမြို့နယ် စာပေချစ်သူများအဖွဲ့ဝင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်ဆန်းညွှန့်က လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့် အလှအပ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ယုဝါစိုးက လူငယ်နှင့်လူမှုရေး အတွေးများခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)