လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

လိပ်သို      အောက်တိုဘာ    ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ကျောင်းသား/ကျောင်းသူလေးများ  အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုနိုင်စေရန်  လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တိုင်းရင်းသား ရုပ်ပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များ အစရှိသည့် သုတ/ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို  လက်ဝယ်အရောက် ငှားရမ်းပေးခြင်းလုပ်ငန်းတို့အပြင်  စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်  ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက်  Online  မှတစ်ဆင့်  Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)