စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး ၉/၂၀၂၃ တက်ရောက်

မုံရွာ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး /၂၀၂၃ ကို အောက်တိုဘာလ ၁၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာရေး ဆောင်ရွက်နေသကဲ့သို့ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း တိုးတက်အောင်မြင်၍ ရေရှည်ဖြစ်ထွန်းရေး ပုံမှန်ကွင်းဆင်း ဝန်ဆောင်မှုပေးရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသွားကြရန် လိုအပ်ပါကြောင်း၊ နည်းပညာလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပြီး ဒေသခံလုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်သွားနိုင်မှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာစေရေး  ကော်မတီအဖွဲ့ဝင်များအားလုံးမှ ဝိုင်းဝန်းကြိုးစား ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်း အဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများ၊ သြဂုတ်လနှင့် စက်တင်ဘာလ အတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သော လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ Power Pointဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)