ဖြူး အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းမြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲများစိုက်ပျိုးရာတွင် အထွက်ကောင်းပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အထွက်ကောင်းမျိုးများ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေလျှံကြီးကျေးရွာအုပ်စု၊ရေလျှံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့်ကြံသီးနှံများ မြေလွတ်မြေလပ်မကျန် စိုက်ပျိုးကြရေး၊ စိုက်ပျိုးရာတွင်လည်း အောင်မြင်ဖြစ်ထွန်းမှုအလိုက် မှတ်တမ်းများထားရှိစိုက်ပျိုးရေး၊ အထွက်ကောင်းမျိုးများနှင့် နည်းပညာဆိုင်ရာများအတွက် အခက်အခဲများ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများက သီးနှံအလိုက်စိုက်နည်းစနစ်များကို အသိပညာပေးကြသည်။
ထို့နောက် တောင်သူများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အထွက်နှုန်းတိုးတက်ရေး စိုက်ပျိုးနိုင်ရန် ဗီယက်နမ်မြေပဲမျိုး၊ မတ်ပဲမျိုးများဖြစ်သည့် TBL-9 နှင့် ရေဆင်း-၇ မျိုးကောင်းမျိုးသန့်များအား တောင်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)