ပြည်သူအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)စတင်ထိုးနှံ

သာပေါင်း အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား  အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးဌာနခွဲတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ စတင်ထိုးနှံပေးလျက်ရှိသည်။

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်နုနုလှိုင်နှင့် အသင်းဝင်တို့က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်ဝင်းမီမီခိုင် ဦးဆောင်စီမံမှုဖြင့် ကာကွယ်ဆေးထိုး ဆရာ၊ ဆရာမများ ဆေးထိုးနှံနေမှု အခြေအနေများအား ကြည့်ရှုအား‌ပေးကာ ကာကွယ်ဆေးထိုး စုရပ်များတွင် ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး လက္ခဏာများ မဖြစ်စေရန် စောင့်ကြပ်ကြည့်ရှု လိုအပ်သည်များ ကူညီဖေးမ စောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ်များအား ပြည်သူ့အခြေပြု ကျေးရွာပေါင်း (၂၂)၊ ရည်မှန်းအမျိုးသမီးငယ် (၇၀)ဦးရှိရာ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ (၂၇)ရက်နေ့အထိ အခမဲ့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေးသွားမည် ဖြစ်သည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော အမျိုးသမီးငယ် (၄၀)ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံ ပေးနိုင်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း( ပြန်/ဆက်)