ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "အနာဂတ်ကို မိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဖြူး အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စာရေးဆရာ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ရေးသားသည့် "အနာဂတ်ကို မိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် "အနာဂတ်ကို မိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်"စာအုပ်မှ မိမိတို့အိမ်နီးချင်းနိုင်ငံအချို့သည် နေ့ချင်းညချင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသည်ကို မြင်တွေ့နေကြရသည်မှာ အနာဂတ်လူငယ်များအနေဖြင့်အားကျကာ မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဖန်တီး တည်ဆောက်ဖို့ အမှန်တကယ်ပင်လိုကြောင်း အစရှိသည်ရေးသားမှုများကို (Book Club) အဖွဲ့ဝင်များ၊ ရုံးစာကြည့်တိုက်တွင် အမာခံစာငှားပရိသတ်များက အသီးသီး​ဖတ်ကြားပြီး စာရေးဆရာ၏ အတွေ့အကြုံ၊ အကျိုးရှိဖွယ်ရေးသားနည်းရေးသားမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက်  ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ဖတ်မှတ်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)