ဟိုပန် အောက်တိုဘာ ၁၇
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်က အမှာစကားပြောကြားရာတွင် မဟာဘုံကထိန်ပွဲတော်သည် ဗုဒ္ဓဘာသာတို့၏ ထင်ရှားသည့်ဘာသာရေးပွဲတစ်ခုဖြစ်ပါကြောင်း၊ ယခုနှစ်တွင် (၁၂)ကြိမ်မြောက်ဖြစ်ပါကြောင်း၊ ပွဲတော်ကျင်းပရန် ကော်မတီများလည်း ဖွဲ့စည်းထားပေးပြီးဖြစ်သည့်အတွက် အားနည်းချက်များမရှိစေရေး ကော်မတီအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်၊ လိုအပ်ချက်များညှိနှိုင်းပေါင်းစပ်ရန်၊ယခင်နှစ်ထက် ပိုမိုလှူဒါန်းနိုင်ရေး အားထည့်ဆောင်ရွက်ရန်၊ ပဒေသာပင်လှည့်လည်မည့် လမ်းကြောင်းအား ပြန်လည်ညှိနှိုင်းရန်၊ ကျင်းပမည့်ရက်အား ဆရာတော်ကြီးများ၏ ဩဝါဒခံယူ၍ ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီ(၉)ခုမှ အဖွဲ့ခေါင်းဆောင်များကကထိန်ပွဲတော်ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ထားသည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးဦးထွန်းထွန်းဝင်းက လိုအပ်ချက်များကို ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပြီး ဥက္ကဌဦးညီနပ်က နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ကထိန်ပွဲတော်ကျင်းပရေးလုပ် ငန်းကော်မတီဝင်များ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်