ကြံခင်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က မိုးနေကြာစိုက်ပျိုးပြီး အခြေအနေ၊ မိုးစပါးတွင် ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ စိုက်ကွက်အလိုက် ထွက်ရှိလာသော စပါးအရည်အသွေးအား အဆင့်ဆင့်မှတ်တမ်း ပြုစုထားရန်၊ နွေစပါး(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးကို မျိုး၊ မြေ၊ ရေနည်းလမ်းအလိုက် ကြိုတင်စီမံဆောင်ရွက်ရန်၊ ဆောင်းသီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)စိုက်ပျိုးရန်၊ ကော်ဖီစိုက်ပျိုးနိုင်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁)ဘီလီယံဖြင့် ချေးငွေရယူထားသည့် လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ပူးပေါင်းဆောင်ရွက်ရန်၊ အယ်လ်နီညို ဖြစ်စဥ်ကြောင့် သောက်သုံးရေ၊ စိုက်ပျိုးရေ သိုလှောင်စုဆောင်းရေး ကြိုတင်စီမံဆောင်ရွက်ရန်၊ ရပ်ရွာအခြေပြု အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်ရန်၊ လူဦးရေစာရင်း(ဖွား၊ သေ၊ ပြောင်းဝင်၊ ပြောင်းထွက်) မှန်ကန်ရေး ဆောင်ရွက်ရန်၊ စပါးများသယ်ဆောင်မှုမရှိစေရေး၊ သယ်ဆောင်ပါက မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး တင်ပြခွင့်ပြုချက်ရမှ သယ်ယူရေးဆောင်ရွက်ရန်နှင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ မိမိဌာန ရုံးပတ်ဝန်းကျင်တွင်လည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းထွဋ်တို့က မိမိနယ်မြေ ဒေသအတွင်း လုံခြုံရေးအား အထူးဂရုပြုနိုင်ရေး၊ ဧည့်စာရင်းများ စစ်ဆေးကြရန်၊ လူဝင် လူထွက် ဧည့်စိမ်းများ စစ်ဆေးရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလေးထား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တင်ပြဆွေးနွေးမှုများ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)