နတ်မောက် အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့်ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကလေးငယ်များဘဝ စွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မူလတန်းအဆင့်ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူလေးများမှ “ ဗုံတီးသံ” ကဗျာဖြင့်လည်းကောင်း၊ “ တစ်ကိုယ်ရေသန့်ရှင်း ကျန်းမာခြင်း” ကဗျာဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး တာဝန်ရှိသူများမှ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့် ပေးခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ မူလတန်းအဆင့် ကျောင်းသား/သူများ ၊ ကျောင်းသားမိဘများ စုစုပေါင်း (၅၆)ဦးတက်ရောက်ခဲ့သည်။
လှဝင်း