နတ်မောက် အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် မြို့မဈေးကြီးအတွင်း/အပြင်၌ စားသုံးရန် မသင့်သော အစားအစာများ ရောင်းချခြင်းရှိ/မရှိ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲမှုဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲမှုဦးစီးဌာန (FDA) မှ ဒေါက်တာစိုင်းမင်းသူထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးအရာရှိ တာဝန်ခံ ဦးအောင်ဖြိုးဝေတို့က မြို့မဈေးအတွင်း/အပြင်ရှိ မုန့်ဆိုင်များ၌ ထုတ်ပြန်ကြေညာထားသည့် စားသုံးရန်မသင့်သော အစားအသောက်များ၊ သက်တမ်းလွန်မုန့်မျိုးစုံနှင့် လုံခြုံစိတ်ချမှုမရှိသော ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး ရောင်းချသူများအနေဖြင့် သတ်မှတ်ထားသည့်လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
လှဝင်း