ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဘားအံ အောက်တိုဘာ ၁၇

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံ၍ သာယာဝပြောစေရေးအတွက် အဘက်ဘက်မှ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် သက်ဆိုင်ရာဌာနဆိုင်ရာများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်းမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပြီး စားရေရိက္ခာ ဖူလုံပိုလျှံ၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေး၊ စက်မှုဇုန်အနောက်ဘက်၊ မိဇံကျေးရွာ၊ ပတုပ်စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းတို့တွင် ဝက်/ဆိတ်မွေးမြူရေး ဇုန်သီးသန့် ဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်ကြောင်းထိုးမြေသားလမ်း ပေ(၂၀၀)လမ်း(၁၇၉၀)ပေ၊ ပေ(၁၀၀)လမ်း ၂၁၈၅ ပေ၊ ပေ(၆၀)လမ်း ၁၇၁၆၀ ပေ၊ အဆင့်မြှင့်တင်ရမည့် ပေ(၆၀)လမ်း ၃၀၅၀ ပေ အစရှိသော ဇုန်ပတ်လမ်း၊ ဇုန်တွင်းလမ်း၊ ဝင်လမ်း၊ ထွက်လမ်းများဖော်ထုတ်ပေးနေမှု အခြေအနေ၊ ဝက်မွေးမြူရေဇုန်၌ (၀ ဒဿမ ၅၀)ဧကကွက် ၅၅ ကွက်နှင့် အကွက်ပျက် ၁၇ ကွက်၊ ဆိတ်မွေးမြူရေးဇုန်၌ တစ်ဧကကွက် ၃၄ ကွက်နှင့်အကွက်ပျက် ၇ ကွက် ဖော်ထုတ်ပေးနိုင်မှုအခြေအနေ၊ မွေးမြူလိုသူများလာရောက် လျှောက်လွှာတင်သွင်းမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သဖြင့် စနစ်တကျဖြင့်အဖက်ဖက်မှ ကြိုတင်မျှော်တွေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်၊ မွေးမြူလိုသူတောင်သူများအား အစည်းအဝေးခေါ်ယူ၍ ဇုန်ကော်မတီဖွဲ့စည်းပြီး မွေးမြူနိုင်ရေးလုပ်ငန်းများစတင်ဆောင်ရွက်ကြရန်၊ မွေးမြူရေးခြံနမူနာပုံစံများအားပြသ၍ တစ်ပြေးညီဖြစ်စေရေးနှင့် ရေ၊ မီး ရရှိရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားကာ ဇုန်တွင်းလမ်းများဖော်ထုတ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေဧရိယာ ၄၀ ဧကခန့်ကျယ်ဝန်းသော စိုက်ပျိုးရေးနည်းပညာ ဥယျာဉ်ရှိ ဝဥအခြောက်ခံစက်၊ ဈေးကွက်ဝင်မှန်လုံအိမ်စိုက်ခင်း(Green House)၊ ဆေးဘက်ဝင်ပရဆေးပင် ၁၀၅ မျိုးခန့်အား စုဆောင်းစိုက်ပျိုးထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝဥတိုးချဲ့စိုက်ပျိုး အခြောက်ခံကာ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး တောင်သူများအား ဝဥစိုက်ပျိုးနည်းပညာများ အသိ ပညာပေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးပေါ်ရှိ တံတား အမှတ်(၁/၄) မဲဘောင်သံကူကွန်ကရစ် တံတားအရှည် ၆၀ ပေအား တံတားအထူးအဖွဲ့ ၁၄ မှ မူလ တံတားအကျယ်၏ တစ်ဖက်လျှင် ၁၂ ဒဿမ ၇၃ ပေစီ တိုးချဲ့တည်ဆောက်ခြင်း၊ ကမ်းကပ်ခုံနှင့် မဲဘောင်တံတားချဉ်ကပ်လမ်း ဆောင်ရွက်ခြင်း ဘားအံဘက်ခြမ်း ၃၀၀ ပေ၊ လှိုင်းဘွဲဘက်ခြမ်း ၃၆၅ ပေ၊ စုစုပေါင်း ၆၆၅ ပေ၊ ချဉ်းကပ်လမ်းတာဘောင် အကျယ် ၆၈ ပေ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ညိုက တံတားလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်တံတားချဉ်းကပ်လမ်း ဆောင်ရွက်မှု၊ မြေထိန်းနံရံတည်ဆောက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)