ပြည် အောက်တိုဘာ ၁၆
နှစ်စဉ်ကျင်းပမြဲဖြစ်သော ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၄)နှစ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို လာမည့်နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။
ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာတွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၆ နာရီခွဲကစ၍ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်လှစ်ကာ စေတီတော်ရင်ပြင်၌ သံဃာတော်(၁၀၈)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပမည်ဖြစ်သည်။
ယင်းနောက် စေတီတော်ရင်ပြင် ဂန္ဓကုဋီတိုက်အတွင်း တစ်နှစ်တာကိန်းဝပ်စံပယ်တော်မူခဲ့သော ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ် အပူဇော်ခံပွဲကို နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီတွင် ရင်ပြင်တော်ယာယီမင်္ဂလာမဏ္ဍပ်၌ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နံနက် ၆ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်အား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်မည်ဖြစ်သည်။
ဆက်လက်၍ နိုဝင်ဘာ ၂၅ ရက် နံနက် ၆ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်အား မင်္ဂလာ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့်ပင့်ဆောင်၍ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲစည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပြီး ယင်းနောက် ဗုဒ္ဓမြတ်စွယ်တော်တိုက်အတွင်း ဖွင့်လှစ်အပူဇော်ခံထားရှိမည်ဖြစ်ကာ နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာကိန်းဝပ်စံပယ်တော်မူသည့် ဂန္ဓကုဋီတိုက်အတွင်း ပြန်လည်ပင့်ဆောင်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
ယင်းအပြင် ဗုဒ္ဓပူဇနိယပွဲတော် ၁၀ ရက်ကာလအတွင်း ဇာတ်သဘင်ပွဲနှင့် မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပွဲအပါအဝင် အခြားပျော်ပွဲရွှင်ပွဲများနှင့် ပြည်ဒေသထွက် ရိုးရာအစားအစာများနှင့် အနယ်နယ်အရပ်ရပ်မှ ဒေသထွက်ကုန်ပစ္စည်းများရောင်းချသည့် ပွဲဈေးဆိုင်ခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကာ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများအနေဖြင့် ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓမြတ်စွယ်တော်အား အနီးကပ်ဖူးမြော်ကြည်ညို ကုသိုလ်သဒ္ဓါပွားများနိုင်ပြီး မည်သူမဆို ဗုဒ္ဓပူဇနိယပွဲတော်တွင် ပျော်ရွှင်စွာလာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)