ဇီးကုန်း အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံ အထောက်အကူပြုကော်မတီမှ ဆေးရုံခွဲစိတ်ခန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံအထောက်အကူပြုကော်မတီမှ ဦးကံမြင့်၊ ဦးကျော်မိုးဦးနှင့် ဦးမောင်မောင်သန်းတို့မှ ခွဲစိတ်ခန်းသုံးပစ္စည်းများဖြစ်သော Patient monitor(၁)လုံး၊ Autoclave 24L(၁)လုံး၊ Sterilizer(၁)လုံးနှင့် Fetal dropper(၂)လုံး(စုစုပေါင်းတန်ဖိုးသိန်းသုံးဆယ်)တို့ကို မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာအောင်ကိုကိုနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့အပြင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာအောင်ကိုကိုနှင့် အထောက်အကူပြုကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ဆေးရုံတွင်တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများ/လူနာစောင့်များအား အာဟာရ/ထမင်းနှင့်ဟင်း ကျွေးမွေးခြင်းအစီအစဉ်ကိုလည်း ယနေ့နံနက်မှ စတင်ဆောင်ရွက်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ဆေးကုသမှုခံယူနေသော လူနာ(၃၅)ဦးကို ကျွေးမွေးခဲ့ကြောင်း၊ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း ကျွေးမွေးသွားမည်ဖြစ်ကြောင်းနှင့် အလှူရှင်များအနေဖြင့် တစ်ဦးခြင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း မိမိအစီအစဉ်ဖြင့် လာရောက်ကျွေးမွေးလှူဒါန်းနိုင်ကြောင်း ဇီးကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)