ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)စတင် ထိုးနှံပေး

ပခုက္ကူ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်အတွင်း အမျိုးသမီးငယ်များအား အောက်တိုဘာလ ၁၆ရက်မှ စတင်ပြီး ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)စတင် ထိုးနှံပေးလျက်ရှိသည်။  

ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဌာနမှူး ဦးဆန်းမင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါ်တင်တင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(Human Papillomavirus vaccine-HPV)ထိုးနှံခြင်းလုပ်ငန်းကို ပခုက္ကူမြို့ရှိ ဒေသန္တရကျန်းမာရေးဌာနခွဲ (၁)နှင့်(၂)တို့၌ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်အတွင်း အမျိုးသမီးငယ်(၁၁၆)ဦးနှင့် သီလရှင် (၃)ပါးတို့အား ထိုးနှံပြီးစီးခဲ့ကြောင်း၊ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံမည့် ရည်မှန်းဦးရေမှာ (၂၃၈၄)ဦးဖြစ်ပြီး ကျန်ရှိနေသည့် အမျိုးသမီးငယ်များအနေဖြင့် ဒေသန္တရကျန်းမာရေးဌာနများ၌ အောက်တိုဘာလ ၂၇ရက်အတွင်း လာရောက်ထိုးနှံနိုင်ရေး နှိုးဆော်ထားကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘာမီသာ(ပခုက္ကူ)