စေတုတ္တရာ မြို့မဈေးကြီး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနေ့အဖြစ် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

စေတုတ္တရာ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနေ့အဖြစ် အပတ်စဉ် တနင်္လာနေ့တိုင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်ရှိ မြို့မဈေးသို့ သွားရောက်ပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စေတုတ္တရာမြို့မဈေးရှိ ဈေးရောင်းဈေးဝယ်သူများနှင့်တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန် အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးရောင်း၊ ဈေးဝယ်သူများအား ပလတ်စတစ်ပစ္စည်းလျော့ချနိုင်ရေး အစားထိုးအသုံးပြုနိုင်ရန် အခြားထုတ်ပိုးလွယ်သော အင်ဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)