ငဖဲ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးက မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူခင်းကျဆင်းရေးနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်က မှုခင်းကျဆင်းရေး၊ ကျောင်းသားလူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ မပြုလုပ်ကြရန်နှင့် မှုခင်းများမဖြစ်ပေါ်စေရေး ကျောင်းသား ကျောင်းသူများ သိရှိလိုက်နာရမည့် အချက်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် လူကုန်ကူးမှုဆိုင်ရာ ဉပဒေရည်ရွယ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသီးသီး ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)