ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကိုရှေးရိုးရာအစဉ်အလာအတိုင်းစည်ကားသိုက်မြိုက်စွာကျင်းပမည်

ထားဝယ်  အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက်နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ရှေးရိုးရာ အစဉ်အလာအတိုင်းစည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

သပိတ်မျှောပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး၊ သပိတ်မျှောပွဲသို့ လာရောက်သူများအား တေးဂီတများဖြင့်ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာ ယဉ်ကျေးမှုအက၊ ထားဝယ်ဒေသ သပိတ်မျှောပွဲအက၊ ရွှေဝယ်သူများရေအိုးရွက်ယိမ်း အက၊ အိုးစည်အက၊ သမိုင်းအလှတနင်္သာရီအက၊ ရွှေဝယ်သူများ ရေခပ်သွားအကများဖြင့် သီဆိုဧည့်ခံ ဖျော်ဖြေခြင်းများအပြင် မီးပုံပျံအငယ်များလွှတ်တင်ပါရှိမည်ဖြစ်ကြောင်း သိရသည်။

သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ် အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကို ထည့်ပြီး တံခွန်၊ ကုက္ကာများစိုက်ထူ၍ ဆီးမီးများ ထွန်းညှိကာသပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတု မိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွား ဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့်မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေး လွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့တွင် ရှေးအစဉ် အဆက်ကတည်းက နှစ်စဉ်ကျင်းပလေ့ရှိသည်။

သီတင်းကျွတ်ကာလနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ထင်ရှားသော ပွဲတော် တစ်ခုဖြစ်သည့် သီတင်းကျွတ်လ ရောက်တိုင်း ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီး သပိတ်မျှော ပွဲတော်ကို ကျင်းပလေ့ရှိသည်။ သပိတ်မျှောပွဲတော်ကို ထားဝယ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပ သည်မှာ တစ်မူထူးခြားသည့် ပွဲတော်တစ်ခုပင် ဖြစ်သည်။ သပိတ်အိုးထဲတွင်ဆွမ်း၊ အသီးအနှံ၊ ရေ၊ ငွေစက္ကူ၊ တံခွန်တိုင်၊ ဖယောင်းတိုင် အစရှိသည်တို့ကို ထည့်သွင်းထားသည်။

ထားဝယ်မြို့သူမြို့သားများသည် သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုတွင် ပြင်ဆင် အလှူခံထားသည့် သပိတ်အိုးကြီးများဖြင့် မြို့တွင်းလှည့်လည်အလှူခံထွက်လေ့ရှိပြီး အလှူခံ ထွက်စဉ် အိုးစည်ဒိုးပတ်တေး သရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။ ညလုံး ပေါက်အလှူခံပြီး နံနက်မိုးသောက်သောအခါ အသင့်ယူဆောင်လာသော သပိတ်အိုး လေးများကို မီးပွင့်လေးတွေနှင့်အတူ သတ်မှတ်ထားသော နေရာတွင် ထားဝယ်မြစ်ချောင်း အတွင်းသို့ရေမျှော ကုသိုလ်ယူကြသည်။

သပိတ်မျှောမည့်သူများအနေဖြင့်လည်း သပိတ်များကို ကိုယ်စီကိုင်ကာတိုးဝှေ့သွားရန်မလိုဘဲ စည်းကမ်းရှိရှိသွားလာ နိုင်ပြီးဝါးရာဇမတ်ကာထားသည့် ဝင်္ကပါပတ်လမ်းကတစ်ဆင့် မြစ်ကမ်း နဘေးတွင်ညလုံးပေါက် စနစ်တကျ သပိတ်မျှောကြမည်ဖြစ်ပြီး ရပ်ကွက်များတွင်လည်း မိမိ အစီအစဉ်များဖြင့် သပိတ်မျှောကုသိုလ်ယူကြမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ဒေသရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် သံဃာတော်ဖြစ်သော ရဟန္တာမြတ်တစ်ပါးဖြစ်သည့် ဥပဂုတ္တ အရှင်သူမြတ်အား ဆွမ်း၊ မုန်းပဲသရေစာ၊ သစ်သီး၊ ဆီမီး၊ အမွှေးတိုင်၊ တံခွန် ကုက္ကား၊ ပန်း စသည်များကို သပိတ်တွင်ထည့်၍ ရည်မှန်းဆက်ကပ်ပူဇော်လေ့ရှိသည်။ ယင်းသပိတ်တော်ကို ပင်လယ်ထဲသို့ မျှော၍ ပူဇော်လေ့ ရှိသည်။ ဆွမ်းသွပ်ပြီးသား သပိတ်များကို မဏ္ဍပ်ထိုးကာ ခုံတန်းရှည် ပေါ်တင်ထားပြီး ပြည်သူများ ကုသိုလ်ယူနိုင်ရန် အဆင်သင့် ရောင်းဝယ်ကြသူများနှင့် စည်ကားလျက်ရှိသည်။ သပိတ်မျှောပွဲလာသူများအနေဖြင့် အသင့်ပြင် ဆင်ထားသည့်သပိတ်များကိုဝယ်ယူပြီးကုသိုလ်ယူနိုင်ရန် ဖြစ်ပါသည်။

ဤသည်မှာရှေးအစဉ် ကတည်းကစပြီး နှစ်စဉ် ကျင်းပလာ၍ အစဉ်အလာတစ်ရပ်အနေဖြင့် ထူးခြားစွာရှိနေခြင်း ဖြစ်ကြောင်းသိရသည်။

ငွေဇင်ယော်(ထားဝယ်)