မင်းလှမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ ကျင်းပ

အထက်မင်းလှ  အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အ‌‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်စုစုခိုင်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်‌ ကျေးလက်‌နေမိသားစုဝင်‌ငွေတိုးရေးစီမံကိန်းလုပ်ငန်းအတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးဖြစ်၍ လုပ်ငန်းပြန်လည်လုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ရခြင်းနှင့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကျင်းပခဲ့ရာ ကိုင်းငယ်လေးကျေးရွာတွင် ဖွင့်လှစ်သည့် လက်ယက်ကန်းပညာသင်တန်းနှင့် မလွန်ကျေးရွာဖွင့်လှစ်သည့် Bakery and Snack ထုတ်လုပ်မှု နည်းပညာသင်တန်းတို့တွင် ထူးချွန်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တိုင်းဒေသကြီးအသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာသူများက သရက်ခရိုင်အသေးစာစက်မှုလုပ်ငန်းဦးစီးဌာနမှ One Region One Product(OROP)ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်များ၊ စားသောက်ကုန်များအား ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)