တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးများအတွက် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံပြီး ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အဓိကကျသည့် သီးနှံတစ်ခုချင်းအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်ရရှိရေးကို အဓိကထား ဖြည့်ဆည်းပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး စက်မှုလယ်ယာဦးစီးဌာနမှ စပါးရိတ်သိမ်းခြွေလှေ့စက်များ သက်ဆိုင်ရာဒေသသို့ ချက်ခြင်းရောက်ရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နှစ်စဉ်ရေဝင်ရောက်သော မြေနိမ့်ပိုင်းရှိ လယ်မြေများတွင် ရေမြှုပ်ခံစပါးမျိုးများ စိုက်ပျိုးရန်လိုအပ်ပြီး မိုးရေချိန်နည်းပါးသည့် ဒေသများတွင် ရေအနည်းလိုစပါးမျိုးများ စိုက်ပျိုးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် လာမည့်ဆောင်းရာသီ သီးနှံစိုက်ပျိုးမည့် ဒေသများအလိုက် မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းထားရန်လိုအပ်ပြီး သီးနှံအလိုက် စိုက်ပျိုးရေးအသိပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်နိုင်ရေး ပြင်ဆင်ထားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်(၆)ခုမှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများက ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လာမည့်ဆောင်းသီးနှံနှင့် နွေစပါးစိုက်ရာသီများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ စိုက်ပျိုးရေရရှိရေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး အကြံပြုတင်ပြဆွေးနွေးခဲ့ရာ တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။   

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ဧက(၂၆)သိန်းကျော်အနက် အောက်တိုဘာလ(၁၅)ရက်နေ့အထိ မိုးစပါးဧက(၅)သိန်းကျော် ရိတ်သိမ်းပြီးစီးခဲ့ပြီး မိုးစပါးတစ်ဧကလျှင်(၉၁)တင်းကျော်ထွက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)