ဝန်းသို အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခွင်ကြည်က ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ကလေးလုပ်သားများ ဖြစ်လာရခြင်း၏ အကြောင်းရင်းမှာ ယေဘုယျအားဖြင့် ဆင်းရဲနွမ်းပါးခြင်း၊ အရည်အသွေးမီပညာရေးကို လက်လှမ်းမီ သင်ယူခွင့်မရခြင်း၊ တစ်နည်းအားဖြင့် ကျောင်းမတက်နိုင်ခြင်း၊ တင့်တောင့်တင့်တယ်ဖြစ်သော၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ကို လက်လမ်းမီမရရှိနိုင်ခြင်း၊ ကလေးသူငယ် အလုပ်သမားဘဝကို သေချာကျနစွာ နားမလည်ခြင်း၊ သဘာဝဘေးအန္တရာယ် ဒဏ်ခံရခြင်း၊ ရာသီဥတုပြောင်းလဲလာမှု၏ ဆိုးကျိုးများကိုခံရခြင်း၊ အစုလိုက်အပြုံလိုက် နေရာပြောင်းရွှေ့နေထိုင်ရခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေးလုပ်သားများ ပေါ်ပေါက်နေရခြင်း၏ အရင်းခံအကြောင်းတရားများကို ဖယ်ရှားကြရာ၌ နိုင်ငံတော်အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လက်တွဲညီညီ ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးပြောကြားခဲ့သည်။
ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုကို ဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးလုပ်သားများဘဝ၏ အနိဌာရုံများကို ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေးလုပ်ငန်းများကို လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)