ရှမ်းရွာသစ် အောက်တိုဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာလင်္ကာရည်ကျော်၏ အမြုတေဝတ္ထုတိုများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေများဖတ်ရှုလေ့လာသည့် အလေ့အကျင့်များရရှိစေခြင်း၊ စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများ နှီးနှောဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိသောကြောင့် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးပြီးနောက် Book Club အဖွဲ့ဝင်ဦးမြင့်မောင်က အမြုတေရတနာ ခေါင်းစဉ်တွင် မိမိပိုင်ဆိုင်ထားသည့် ရတနာသည် တန်ဖိုးအနဂ္ဃထိုက်တန်သည်ဟုပင် ဆိုစေကာဦးတော့ ထိုရတနာကို ဆုံးရှုံးရမှာကြောက်သောစိတ်ဖြင့် နေ့နေ့ညည နာရီပေါင်းများစွာ စိုက်ကြည့်ရင်း ထိခိုက်ကြေကွဲ နေတတ်သည်ဟု ဆိုရင်တော့ ထိုသူသည် အရူးတစ်ဦးသာဖြစ်ရမည်ဟု လူတိုင်းက သမုတ်ကြလိမ့်မည်ဖြစ်ကြောင်း အကျဉ်းချုပ်ဆွေးနွေးပြီး အဖွဲ့ဝင်များက ရင်မှအနှစ်၊ မေတ္တာအစူးခေါင်းစဉ်ပါ ဝတ္ထုတိုအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)