ဒေသ၏ အဓိကဖာလာပင်များအား ခုတ်ထွင်ရှင်းလင်း၍ ရိုဘတ်စတာကော်ဖီပင်များ တိုးချဲ့စိုက်ပျိုး

လိပ်သို အောက်တိုဘာ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင်နေထိုင်ကြသော ဒေသခံ ဥယျာဉ်ခြံပိုင်ရှင်အချို့မှာ မိမိတို့၏အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ချဉ်ပေါင်ဖာလာပင်များအား ခုတ်ထွင်ရှင်းလင်းပြီး ရိုဘတ်စတာကော်ဖီပင်များဖြင့် အစားထိုးပြောင်းလဲ စိုက်ပျိုးလာလျက်ရှိကြကြောင်း သိရသည်။ 

ကော်ဖီသီးနှံမှာ ယခင်နှစ်က မကြုံစဖူး ဈေးကောင်းရရှိလာခြင်း၊ ချဉ်ပေါင်ဖာလာ ခြံများ သီးနှုန်းကျဆင်းလာခြင်း၊ ကော်ဖီသီးနှံအား တိုးချဲ့စိုက်ပျိုးရန် မြေလွတ်မြေလပ်မရှိခြင်း၊ ကော်ဖီသီးနှံမှာ စီမံကိန်းဝင်သီးနှံဖြစ်ပြီး တောင်သူများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် ခိုင်မာသောကုန်ကြမ်းသီးနှံဖြစ်ခြင်း၊ ခေတ်အခြေအနေအရ ကော်ဖီသီးနှံကို တိုးချဲ့စိုက်ပျိုးရန် စိတ်အားထက်သန်ခြင်းတို့ကြောင့် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ချဉ်ပေါင်ဖာလာပင်များကို ခုတ်ထွင်ရှင်းလင်းကာ ကော်ဖီသီးနှံကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

ရိုဘတ်စတာကော်ဖီသီးနှံမှာ ယမန်နှစ်က ဖာလာသီးနှံထက် ဈေးနှုန်း(နှစ်ဆ)ပိုမိုရရှိခဲ့သည့်အပြင် နှစ်စဉ်ပြုစု ထိန်းသိမ်းရန်လွယ်ကူခြင်း၊ ဖာလာသီးနှံမှာ ထင်းမီးလိုအပ်ခြင်း၊ မိုးရွာသွန်းသည့်ကာလတွင် ဆွတ်ခူး ထုတ်လုပ်ရခြင်းတို့ကြောင့် ဖာလာပင်များအစား ကော်ဖီသီးနှံကို ပြောင်းလဲစိုက်ပျိုးရခြင်းဖြစ်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)