ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ဝယ်ယူသူများပြားလျက်ရှိ

ပခုက္ကူ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်ကာလအတွင်း သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ဝယ်ယူသူများပြားပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များကို ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံ အရှေ့ဘက်မြို့မ  ဈေးကြီးအဝင် ထင်းတန်းလမ်းတလျှောက်နှင့် သီဟိုဠ်ရှင်ဘုရားကြီးရှေ့တို့တွင် အဓိကရောင်းလျက်ရှိကြပြီး အဆိုပါမီးပုံးနှင့် အရုပ်များကို အမှတ်၁ရပ်ကွက်၊ အမှတ်၁၀ရပ်ကွက်၊ အမှတ် ၁၃ရပ်ကွက်များမှ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူများက လာရောက်ရောင်းချခြင်းဖြစ်သည်။

ထိုသို့ရောင်းချရာတွင် သီတင်းကျွတ်မီးပုံး၊ မီးဆိုင်း (အသေး၊အလတ်၊အကြီး) အမျိုးအစားလိုက်ရှိပြီး အနိမ့်ဆုံးတန်ဖိုး ငွေကျပ်၅၀၀မှ အမြင့်ဆုံးငွေကျပ်၁၀၀၀ ဖြင့်လည်းကောင်း၊ ကလေးကစားစရာအရုပ်များဖြစ်သည့် ယုန်ရုပ်အသေးကို ငွေကျပ် ၁၅၀၀နှင့်အကြီးကိုငွေကျပ်၃၀၀၀၊ ရွက်လှေတစ်စီးကို ငွေကျပ် ၂၅၀၀၊ သင်္ဘော(အသေး)တစ်စီးကို ငွေကျပ် ၂၀၀၀၊ သင်္ဘော (အကြီး) တစ်စီးကို ငွေကျပ် ၇၀၀၀၊ အိမ်ပုံစံရုပ်တစ်ခုကို ငွေကျပ် ၃၀၀၀၊ လေယာဉ်ပျံအသေးကို ငွေကျပ် ၁၅၀၀နှင့် တိုက်လေယာဉ်အကြီးကို ငွေကျပ် ၃၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ဇီးကွက်ရုပ်ကို ငွေကျပ် ၃၀၀၀နှင့်ကြယ်ပုံတစ်ခုကို ငွေကျပ်၁၂၀၀ ဖြင့်လည်းကောင်း အသီသီးရောင်းချလျက်ရှိကြောင်း၊  ဝါခေါင်လမှစတင်ပြီး  သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာ အရုပ်ပုံစံများ ချိုးပြုလုပ်လျက်ရှိပြီး အနည်းဆုံး နှစ်သိန်းမှအများဆုံးလေးသိန်းအထိ မိသားစုအလိုက်ရင်းနှီးမှုကွာခြားကြောင်း၊တော်သတင်းလပြည့်ကျော် ၁၀ရက်မှ စတင်ရောင်းချလျက်ရှိရာ တစ်နေ့လျှင် အနည်းဆုံး တစ်သောင်းကျော်မှ အများဆုံး ငါးသောင်းကျပ်အထိ ရောင်းချရကာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့အထိ ရောင်းချသွားမှာဖြစ်ကြောင်း ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံအရှေ့ဘက်တွင် ပြုလုပ်ရောင်းချသူတစ်ဦးက ပြောပြသည်။

ယခုနှစ်တွင် ကုန်ပစ္စည်းများဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ သီတင်းကျွတ်ကာလအတွင်း မိမိနေအိမ်တို့၌ အလှချိတ်ဆွဲမီးထွန်းရန်နှင့် ကလေးများဆော့ကစားစေရန်တို့အတွက် မြန်မာ့ရိုးရာသီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ပြုလုပ်ရောင်းချနေမှုကို ပြည်သူများအားပေးဝယ်ယူသူ များပြားလျက်ရှိကြောင်းသိရသည်။

ဘာမီသာ(ပခုက္ကူ)