မေတ္တာ အောက်တိုဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသားလူငယ်များအနေဖြင့် စည်းလုံးခြင်းသည် အင်အားဆိုသည့် စကားပုံနှင့်အညီ ညီညွတ်ခြင်းတည်းဟူသော ရလဒ်ကောင်းများနှင့် တန်ဖိုးများကို သိရှိနားလည်ပြီး အရာရာကိုစည်းလုံးမှုဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်အေးအေးချိုက စည်းလုံးခြင်းဖြင့် အရာရာကို တည်ဆောက်နိုင်ကြောင်း၊ စည်းလုံးခြင်းသည် ကောင်းခြင်းလက္ခဏာ၊ အောင်မြင်ခြင်းအဖုံဖုံဖြစ်ကြောင်း၊ စည်းလုံးခြင်း၏တန်ဖိုးမှာ ကြီးမားလှကြောင်း၊ ထို့ကြောင့် စည်းလုံးခြင်းကို ခိုင်မြဲအောင် တည်ဆောက်ဖို့လိုကြောင်း၊ ဒါ့အပြင် အနာဂတ်နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့ရန်မှာလည်း လူငယ်များအနေဖြင့်များစွာတာဝန်ရှိကြောင်း၊ စည်းလုံးညီညွတ်မှု ပြိုကွဲသည်နှင့်မည်သည့် အသိုက်အဝန်းမှ တည်မြဲမှုမရှိနိုင်ကြောင်း၊ ထို့အတွက်ကြောင့် စည်းလုံးမှုသည် အနာဂတ်နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်ပါကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။
ထို့နောက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ (Community Centre) ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအား တက်ရောက်လာကြသော Sunday School ကျောင်းသားလူငယ်များမှ လေ့လာကြည့်ရှုကြကြောင်းသိရသည်။
အေးအေးချို