ပြည် အောက်တိုဘာ ၂၁
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂၁)ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြည်မြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒေသန္တရ ကျန်းမာရေး ဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် သက်ဆိုင်ရာကာကွယ်ဆေးထိုး စုရပ်များတွင်ထိုးနှံပေးမည်ဖြစ်သည်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV vaccine) ကို အသက်(၉)နှစ် မှ (၁၀) နှစ်အထိ မိန်းကလေးတိုင်း တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြားပြီး (၂)ကြိမ်ထိုးနှံရမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း ဗီဒီယိုကို ပြသပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗွီ ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းကို Online မှ တိုက်ရိုက်ကြည့်ရှုခြင်း၊ ပညာပေးဗီဒီယိုပြသခြင်းများပြုလုပ်ပြီး ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဆရာဝန်(တိုးချဲ့ကာကွယ်ဆေး/ကူးစက်၊မကူးစက်) ဒေါက်တာ မင်းမင်းမောင်က အိတ်ချ်ပီဗွီ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် တွင် စတင် ထည့်သွင်းထိုးနှံခြင်းလုပ်ငန်းအားရှင်းလင်းပြောကြားသည်။
ထို့နောက်မိန်းကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းကို အခမ်းအနားသို့ တက်ရောက် လာသော တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်