ကျွန်းလှ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ယခုနှစ် မိုးစပါးစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာ ရောင်းချပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကျွန်းလှမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ယခုနှစ် မိုးစပါး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် သိပ္ပံနည်းကျ စိုက်နည်းစနစ်ကို လိုက်နာကျင့်သုံးရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သင်တန်းတွင် မြေဆီလွှာ ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ ပျိုးထောင်နည်းများ၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သက်တမ်းအလိုက် တမန်းနှိုး ပေါင်းထိုးခြင်း၊ ပိုးမွှားကျရောက်မှု ကာကွယ်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျ အချိန်ကိုက် ရောစပ်အသုံးပြုနည်းများ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ မကျီးအင်း၊ ရှမ်းစု၊ တင်းတိန်ရံ၊ လယ်လှ၊ ရွာသီ၊ အင်းကောင်း၊ ကျီကုန်းကျေးရွာအုပ်စုများမှ တောင်သူ ၅၅ ဦး တက်ရောက်ကြပြီး ယူရီးယား ဓာတ်မြေဩဇာများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၀၉၇ ဧက အပါဝင် သီးနှံမျိုးစုံ ၇၈၅၉၈ ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ