ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်းကောင်းမွန်ရေး ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်နေ

ပွင့်ဖြူ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရပြီး ယခုအခါ ဒေသခံတောင်သူများက မိုးစပါးစိုက်ခင်းများကို သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် ပေါင်းနုတ်ခြင်း ၊ မြေဩဇာကျွေးခြင်း ၊ မျိုးကွဲပယ်ခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ မိုးစပါးသီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ရာတွင် ဒေသတွင်းရှိ တောင်သူများအား စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ခံကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ပြီး မိုးစပါးသီးနှံအထွက်တိုးရေး လုပ်ဆောင်ရမည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဧရာမင်း ၊ ရတနာတိုး ၊ မနောသုခ ၊ ဆင်းသုခ ၊ ဧရာပဒေသာ ၊ ပေါ်ဆန်းရင် ၊ ပခန်းရွှေဝါ ၊ ချမ်းမြေ့မေ ၊ ဆင်းသိင်္ဂီ စတဲ့ စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

" ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် မဲဇလီရေလွှဲဆည်ရေနဲ့ အားထားစိုက်ပျိုးတဲ့ မိုးစပါးစိုက်ခင်းတွေဟာ စိုက်ပျိုးရေ လုံလောက်စွာရရှိတဲ့ အတွက် အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် တောင်သူတွေက မိုးစပါးစိုက်ခင်းတွေကို သီးနှံအထွက်နှုန်းကောင်းမွန်စေဖို့အတွက် ပေါင်းနုတ်ခြင်း ၊ မျိုးကွဲနုတ်ပယ်ခြင်း ၊ ပိုးမွှားရောဂါမကျရောက်စေဖို့ ပိုးသတ်ဆေးဖျန်းခြင်း ၊ မြေဩဇာကျေးရွာခြင်းစတဲ့ မိုးစပါး အထွက်တိုးရေးလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြတယ်။ နောက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းတွေကလဲ ဒေသခံတောင်သူတွေကို အနီးကပ်ကြီးကြပ်ပြီးတော့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းစနစ်များကို ပံ့ပိုးကူညီပေးပါတယ်။ ကျွန်တော်တို့ဒေသဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် စိုက်ပျိုးလယ်မြေတွေကလဲ ကောင်းတာဖြစ်လို့ စိုက်ပျိုးရေးလုပ်ငန်းက နှစ်စဉ်အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ဒါ့ကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီမှာ မိုးစပါးသီးနှံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာမှ ဒေသခံတောင်သူ ဦးသိန်းစိုးက ပြောသည်။

ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံးဖြစ်၍ နှစ်စဉ် ဆန်စပါးသီးနှံ အများဆုံးစိုက်ပျိုးနိုင်သည့် မြို့နယ်တစ်ခုဖြစ်ကာ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး မိုးစပါးသီးနှံ ၆၉၉၄၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးဧက ၆၉၉၄၄ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ် လျာထားဧက ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )