မြို့သစ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မြို့သစ် အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးအသိပညာပေးလုပ်ငန်းများ မြို့သစ်မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ မြို့သစ်မြို့မဈေးအတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်သူများနှင့်တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ပလတ်စတစ်ပစ္စည်းလျော့ချနိုင်ရေး အစားထိုးအသုံးပြုနိုင်ရန် အင်ဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးဝန်းကျင်သန့်ရှင်းသာယာရေးအလေးထားဆောင်ရွက်ရန် ဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများကို မှာကြားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)