သာယာဝတီမြို့နယ်၌ စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကအစိုတင်း (၁၁၂)တင်းထွက်ရှိ

သာယာဝတီ အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ တောင်သူဦးကျော်စိုး၏ ကွင်းအမှတ်(၁၂၅၂) မိုးစပါးစိုက်ခင်းတွင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈နာရီက စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့​သည်။

အဆိုပါ မှော်ဘီ-၃ စပါးစိုက်ခင်းအား စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်းအချိန်အတွယ်တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာ စပါးတစ်ဧကအထွက်နှုန်း အစိုတင်း(၁၁၂)တင်း၊ အခြောက်(၁၀၁)တင်း ထွက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ယခုနှစ်မိုးစပါး လျာထားဧကထက်ကျော်လွန်၍ စိုက်ဧက (၈၅၉၂) ဧကကို စိုက်ပျိုးခဲ့ပြီး ရတနာတိုးစပါး၊ မှော်ဘီ-၃၊ ရက်(၉၀ )စပါး၊ GW-11 စပါးမျိုးနှင့် ထိုင်းနှံကောက်စပါးမျိုးများ အများဆုံးစိုက်ပျိုးထားရှိကြောင်းနှင့် စပါးစိုက်တောင်သူများ အထွက်နှုန်းကောင်းစေရန်အတွက်မြို့နယ် စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)