တမူး အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၄) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးလုပ်သား၏ အကျိုးဆက်များ၊ ကလေးအလုပ်သမားရင်ဆိုင်ရခြင်း၊ အလုပ်ရှင်၏ တုံ့ပြန်ချက်နှင့် စိစစ်ခြင်းများ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ဘေးဥပါဒ်အန္တရာယ် ကျရောက်နေသော ကလေးသူငယ်အလုပ်သမား၊ ကလေးလုပ်သားတိုက်ဖျက်ရန် အလုပ်ရှင်အဖွဲ့အစည်းများအတွက် အကြောင်းပြချက် (၃)ချက်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ မှတ်တမ်း ဓာတ်ပုံများကို ပြသခဲ့ရာ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများမှ ကြည့်ရှုလေ့လာခဲ့ကြသည်။
တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့များတွင် အခြေခံပညာကျောင်းများ၌ ဟောပြောပွဲများ၊ ပြိုင်ပွဲများနှင့် နံရံကပ် စာစောင်ဓာတ်ပုံပြပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရတနာ