ငွေဆောင် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ ယမုံနာဦး ဟိုတယ်တွင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် (၉း၀၀)နာရီအချိန်က ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း MSMEs) ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော်မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် ပြသထားသည့် ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်၊ လပ္ပတ္တာခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင် အစရှိသည့် ခရိုင်(၈)ခရိုင်၏ ထုတ်ကုန်ပစ္စည်းအရောင်းပြခန်းများနှင့် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၏ ပြခန်း၊ Global Earth ( Agro and Aqua industry Public Company Limited)၏ ငါးဖြင့်ပြုလုပ်သည့် စားသောက်ကုန်ပြခန်းတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ပြခန်းတွင် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၏ ငှက်ပျောလျှော်ထုတ်ကုန်နှင့် အုန်းသီးထုတ်ကုန်ပစ္စည်းများ၊ ခရိုင်(၈)ခရိုင်၏ ဒေသထွက် ဆန်စပါး၊ ဆား၊ ဆီ၊ စားသောက်ကုန်၊ လက်မှုပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ နို့ထွက်ပစ္စည်း၊ စပါးခွံလောင်စာတောင့် စသည်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ဒေသထွက်ကုန်ပစ္စည်းများ ပြသထားကြောင်း သိရသည်။ အဆိုပါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော်အား အများပြည်သူများ လေ့လာနိုင်ရန် အောက်တိုဘာလ (၁၅)၊ (၁၆) (၂)ရက် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ပြခန်းပေါင်း (၁၁)ခန်း ပြသထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)